မရှိသုံး

ကျနော်တို့ ငယ်ငယ်က သင်ရတဲ့ စီးပွားရေး ပညာရပ် တစ်ခုမှာပေါ့… ပစ္စည်း ဈေးနှုန်း ကအရမ်း ချိုသာ တယ်၊ သုံးစွဲ သူများ ကလည်း မူးစု ပဲစု ဆိုတဲ့ အချိန်မှာ ဒီပစ္စည်း မျိုး အလွန် ရောင်း ကောင်းတတ် တယ်။ ဒါပေမယ့် လူတွေ ရဲ့  ဘ၀ တွေ အဆင်ပြေ၊ လူနေ မှုတွေ အဆင့်မြင့် ၊၀င်ငွေ တွေတိုး လာတာ နဲ့ အမျှ ၀ယ် လိုအား ကဖုတ်ကနဲ ပြုတ်ကျ တတ်တဲ့ ပစ္စည်းမျိုး ကို မရှိသုံး ကုန်ပစ္စည်း (Inferior goods) လို့ ခေါ်တယ်တဲ့။ ဥပမာ အားဖြင့် အသင့်စား ခေါက်ဆွဲ ထုတ်တို့၊ ကော်ဖီမစ် တို့လို ကုန်အမျိုးအစားပေါ့။

တဖက်မှာ ၀ယ်သူ တွေက ၀င်ငွေ အလွန် ကောင်းချိန် မှာ ၀ယ်လိုအား အတန် အသင့် ရှိမယ်၊ ပစ္စည်း ဈေးနှုန်း ကတော့ ထိလု မိုးဆီ တိမ်သို့မှီ။ ၀င်ငွေ နည်းနည်း လျှော့သွား တာနဲ့ လုံးဝ ကိုမရောင်း ရတော့တဲ့ ပစ္စည်း မျိုးတွေ ကိုဇိမ်ခံ ကုန်ပစ္စည်း (Luxury goods) တွေလို့ သတ်မှတ်တယ်။ ဥပမာ- ရွှေ၊ ကျောက်မျက် ရတနာ၊ ဇိမ်ခံကား များ စသည်ဖြင့်ပေါ့။ ဒါတွေက ဘဝမှာ မရှိမဖြစ် မဟုတ်ပေမယ့် ရှိသင့်တာတွေပါ။


တကယ်တမ်းကျ သိန်းငါးရာ ထီပေါက် ရင် ခေါက်ဆွဲ ခြောက် ကို ဂိုဒေါင် အပြည့် သိုလှောင်ထားမယ်။ ကော်ဖီမစ်ကို တစ်နှစ်စာ လှောင်ထားမယ်လို့ စိတ်ကူး ယဉ်တဲ့ လူမျိုးတွေ မရှိပါဘူး။ ခြံဝယ်မယ်၊ ကားဝယ်မယ် ဆိုပြီး တာစူ နေကြတဲ့သူတွေ။ မရှိသုံးတွေက တကယ်တမ်းကျ အမြဲ မလို အပ်ပါဘူး လို့ထင်နေကြတယ်။ ဒါပေမယ့် ဘဝနဲ့ ယှဉ်ရင် အချိန် အတိုင်း အတာ တစ်ခုမှာ မရှိမဖြစ် လိုအပ်နေပါတယ်။

အိမ်မှာ ဘာမှ စားစရာ မရှိရင် ဒီခေါက်ဆွဲ ခြောက်လေးက ဗိုက်ပြည့် ဝမ်းဝစေပါတယ်။ အဲလို ဝမ်းဝသွားတဲ့ အခါကျတော့ ဒီခေါက်ဆွဲလေးက ကောင်းတယ်၊ အဆာပြေတယ်၊ အမြဲတမ်းဆောင်ထားသင့်တယ် ဆိုပြိး စိတ်ကူးတော့ ဖြစ်တတ်ကြပါတယ်။ နောက်နေ့ကျတော့ ဒီခေါက်ဆွဲခြောက်က မလိုအပ်ပြန်ဘူး။ ခဏတာ မေ့ထားလိုက်ကြပြန်တယ်။ ဘာမှ စားစရာ မရှိမှသာ ခေါက်ဆွဲခြောက်ကို ပြန်တမ်းတ တတ်ကြပြန်တယ်။

လူတွေရဲ့ အကျင့်အတိုင်း မရတာကို လိုချင်တတ်ကြ၊ တောင့်တတတ်ကြတယ်။ မရသေးတာ တစ်ခု ကို တန်ဖိုးထားတတ်ပြီး ရနေတာ၊ ရှိနေတာကို တန်ဖိုးထားဖို့ မေ့နေတတ်ကြပြန်တယ်။ ဒါပေမယ့် ဒီလို ရှိသင့်တာကို ရှိလာဖို့ အတွက် ဇိမ်ခံကားတွေ၊ ရွှေတွေ ဝယ်နိုင်ဖို့ အတွက် မရှိသုံး ပစ္စည်းတွေ ဖြစ်တဲ့ ခေါက်ဆွဲခြောက်လို ဈေးပေါ လွယ်ကူ သက်သာတာကို စားပြီး လိုချင်တာကို ရယူပိုင်ဆိုင်ဖို့ ကြိုးစားခဲ့ကြ ပြန်တယ် မဟုတ်လား။( သဘောဖြစ်သာ ပြောပါတယ်။ လူတိုင်းက ခေါက်ဆွဲခြောက်စားရတယ် မဆိုလိုပါဘူး။) အနီးစပ်ဆုံး ဥပမာ ပါ။

လိုချင်တာ ရသွားရင်တော့ မရှိသုံးလေးတွေကို မေ့တတ်ကြ၊ ဥပေက္ခာပြုတတ်ကြပါတယ်။
နေ့တိုင်းစားနေရလို့ ကြိုက်လှ ပါတယ်၊ စားတာ နေသားကျနေပါပြီးဆိုတဲ့ ခေါက်ဆွဲခြောက်တွေဘဝက လိုချင်တာရပြီးရင် ခေါက်ဆွဲခြောက်ညတွေက ဟိုတယ်စာ ညတွေအောက်မှာ ကြက်ပျောက်၊ငှက်ပျောက် ပျောက်သွားကြပြန်တယ်။ ဟိုတယ်စာတွေ ညည်းငွေ့လာတဲ့အခါကျ မရှိသုံး ခေါက်ဆွဲတွေကို သတိရတတ်ကြပြန်တယ်။ ခေါက်ဆွဲခြောက်တွေ အသစ်တဖန် အသက်ဝင်လာတတ်ကြပြန်တယ်။ ဒါကလဲ လူ့စိတ်၊ လူသဘော သဘာဝ ဆိုတော့ ဒီလိုပဲ လည်ပတ်နေရတာပဲလေ။

ကျနော်ကိုယ်တိုင်ကတော့ မရှိသုံး ကုန်ပစ္စည်းနဲ့ ဇိမ်ခံပစ္စည်းတွေကို ယှဉ်ရင် မရှိသုံး ဖြစ်ရတာကို သဘောကျတယ်။ ဇိမ်ခံပစ္စည်းဆိုတာ လူတိုင်းအတွက် ဆိုင်သာဆိုင် မပိုင်ရတာမျိုး ကြီးပါ။ မရှိသုံးကျတော့ ပိုင်ချင် ဆိုင်ချင်ရင် လက်တွေ့ကျကျ ဝယ်ယူ လွယ်ကူတတ်ပါတယ်။ တစ်စုံ တစ်ယောက် လိုအပ်နေချိန်မှာ လျှပ်တပျက်အတွင်း ဖြည့်ဆည်းပေးနိုင်တယ်။ အဓိက ကတော့ ကိုယ်က တခြားလူ အတွက် မရှိသုံး အဖြစ် အဆင့်သင့် ရှိနေဖို့ပါ။ လိုအပ်ရင် သုံးမယ်။ မလိုအပ်တော့ရင် မေ့သွားမယ်ပေါ့။ ဒါပေမယ့် လိုအပ်နေတဲ့ အချိန် အတိုင်းအတာ တစ်ခုမှ အတတ်နိုင်ဆုံး ဖြည့်စွမ်း ပေးနိုင်ရင်သာ အဲဒီခဏတာ အတွက် သူတို့ဆီက မရှိသုံး အပေါ် အသိအမှတ် ပြုသွားရင် ၊ လိုအပ်တတ်မှန်းသိသွားရင် ကျေနပ်နိုင်ပါတယ်။

လူတိုင်း အတွက် မရှိမဖြစ်ဆိုပေမယ့် ရှိသင့်တယ်၊ မရှိရင်လည်း ဖြစ်တဲ့ ဇိမ်ခံ ပစ္စည်းတွေလိုတော့ မိုးထိလုဆီ မာန်တက်ပြီး မနေချင်ဘူး။ အပေါ်စီးကနေ ခေါင်းငုံ့ ပြီး မပြုံးပြချင်ပါဘူး။ ဇိမ်ခံပစ္စည်းတွေကို ရောင်းချတဲ့သူတွေက သူတို့ ပစ္စည်းကို ဝယ်နိုင်ဖို့အတွက် လူတွေအမြဲတမ်း ဇောတိက လို ချမ်းသာဖို့ ဆုတောင်းနေကြရမှာ၊ စိုးရိမ်ပူပန်နေကြရမှာလေ။

မရှိသုံးကျတော့ မပူရဘူး။ ပစ္စည်းကိုသာ ဖြည့်ထားလိုက်။ သူတို့လိုအပ်တဲ့အချိန်အတိုင်းအတာ တစ်ခုထိ စောင့်။ သူတို့ အရမ်းတောင်းတတာကို ခဏလေးအတွင်းမှာ ဖြည့်စွမ်းပေးနိုင်ခဲ့ရင်၊ ခဏတာ စိတ်ချမ်းသာသွားရင် ကျေနပ်နိုင်နေပါပြီ။
ကျနော်ကိုယ်တိုင် ဘဝမှာ မရှိသုံး ဖြစ်ခွင့်ရခဲ့တာ များနေပါပြီ။ နေသားလဲ ကျနေပါပြီ။မရှိသုံး ဖြစ်ခွင့်ရတာကိုလဲ ကျေနပ်ပါတယ်။ အမြဲတမ်းလဲ သူတပါးအတွက် မရှိမဖြစ် ထက် မရှိသုံးပဲ ဖြစ်ချင်ပါတယ်။

လူတိုင်းလဲ မရှိသုံး ဘဝလေးတွေကို တန်ဖိုးထားတတ်ပြီး မရှိသုံး ဖြစ်ခွင့်တွေ ရနိုင်ကြပါစေ။ တကယ်တမ်းတော့ မရှိသုံး ဆိုတာ အချိန်အတိုင်းအတာ တစ်ခုမှာ မရှိ မဖြစ်လိုအပ်နေတာ တစ်ခုပါ။

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Comments

mae said…
ခေါက်ဆွဲခြောက်ဆို ဈေးအရမ်းပေါတဲ့ super brand tomyam ပဲ ကြိုက်တယ်၊ ကိုယ်ကတော့ လောဘပဲ ကြီးတာလားမသိပါဘူး.. အိမ်မှာ ခေါက်ဆွဲခြောက်အမြဲရှိတယ်၊ စိတ်မောပြီး မချက်နိုင်တဲ့ နေ့တွေမှာ ခေါက်ဆွဲပြုတ်လေးစားရရင် စိတ်ချမ်းသာသွားသလိုပဲ၊

လူတွေကို လိုအပ်တဲ့အချိန်မှာ ပခုံးတဖက်ပဲ ဖြစ်စေ နားတဖက်ပဲ ဖြစ်စေ ငှားရတာ ကုသိုလ်ရပါတယ်၊ အမြဲပဲ ခေါက်ဆွဲခြောက်ထုပ်လေး ဖြစ်နိုင်ပါစေ
kaungkinpyar said…
ခေါက်ဆွဲ ခြောက်ထုတ်ကလေး တဲ့လား........

စားချင် တလိုပဲ...

း)
Ree Noe Mann said…
မရှိသုံး ဖြစ်ရတာကို ကျေနပ်တဲ့ သယ်ရင်းကို ချီးကျူးပါတယ်။
မရှိသုံး ဆိုတာ တစ်ခါတစ်လေမှာ သူ့နေရာနဲ့ သူ အသုံးဝင်တက်ပါတယ်။
ကိုယ်ကိုတိုင်တော့ မရှိသုံး တော့ အဖြစ်မခံချင်ဘူး။
သူတစ်ပါးကိုလည်း မရှိသုံး သုံးတာတော့ သဘောမတွေ့ဘူး။
ပျော်ရွင်ပါစေ
ညီမကတော့ ဟင်းချက်ပျင်းတဲ့လူဆိုတော့ အလွယ်စားလို့ရတာတွေ ၀ယ် ၀ယ် ထားတတ်တာပဲ .. :D
ပျင်းတာ ပျင်းတာ .. :P


ဒါပေမယ့် ညီမတို့ အတွက်ကတော့ အကိုကြီးက မရှိသုံး မဟုတ်ပါဘူး
မရှိမဖြစ်ကြီးပါ ..း)))))))))))))))
မရှိသုံးအတွေးလေးကို ကြိုက်တယ်။ မဇွန်ကတော့ တစ်ခုခုဝယ်မယ်ဆို needs လား၊ wants လား သေချာတွေးပြီးမှ ၀ယ်ဖြစ်တယ်။
khin oo may said…
ဝမ်းနည်းနေတာလား။
မေလေး said…
ဘူတူကျောလဲ မရှိသုံးလို့
ပြောတဲ့သူကို အတေသတ်မယ် :D
(၁) အဲလို အသုံးခံရနည်းလား
(၂) မရှိသုံးလေးဆိုတာ လိုအပ်ချိန်မှာ အပြည့်အဝဖြည့်ဆည်းပေးနိုင်တာမို့ တန်ဖိုးရှိပါတယ်ဗျာ
(၃) ဒါဆိုလဲ ခဏသိမ်းထားလိုက်ဦးမယ်ဗျာ

ဘာပြောမယ်ထင်လဲ - (က) ၁ (ခ) ၂ (ဂ) ၃ (ဃ) တခုမှမဟုတ်
Anonymous said…
ကိုဖိုးစိန်

ဝမ်းမနည်းပါနဲ့ ။ မရှိသုံးတွေဟာ တစ်ခါတစ်လေမှာ ဘယ်လောက်အသုံးဝင်လိုအပ် တယ်ဆိုတာ အသုံးပြုသူတွေ ကိုယ်တွေ့ပါ ။ ကျနော်တို့ဆီမှာ ခေါက်ဆွဲခြောက်ကို တရုပ်ဆိုင်မှာမှ ၀ယ်လို့ရတယ် အဲဒီတရုပ်ဆိုင်ကလည်း အဝေးကြီးသွားရတယ် ။ ဒါကြောင့် ကျနော်ကတော့ တစ်ခါဝယ်ရင် အများကြီးဝယ်ထားတယ် ။ အာရှနဲ့နီးစပ်တဲ့အစားအစာဆိုလို့ ခေါက်ဆွဲခြောက်ဘဲ ရှိတယ် ။ ထိုင်းဆိုင် ၊ တရုပ်ဆိုင်၊ ဂျပန်ဆိုင် ရှိတယ် တစ်ခါစား ၁၂ ယူရို နေ့တိုင်းဘယ်စားနိုင်မှာလဲ ၊ နောက်ပြီး ဥရောပ အစားအစာလည်းမကြိုက်ဘူး ။ အဲဒါတွေက မရှိသုံးရဲ့ အရေးပါတဲ့တန်ဖိုးတွေပေါ့ ။

ကိုဖိုးစိန် အရှင်ဆေကိန္ဒ ရဲ့ တရားလေးတွေနာပြီး တရားထိုင်ကြည့်ပါလား ။ စိတ်အေးချမ်းတယ် ။
ဆရာလုပ်တာမဟုတ်ဘူးနော် ။ စာဖတ်ပရိတ်သတ် အနေနဲ့ အားပေးချင်တာ သက်သက်ပါ။

စိတ်ချမ်းသာပျော်ရွှင်ပါစေ ။
သုဒြေ္န said…
လူတွေဘယ်လိုဘဲသတ်မှတ်ပါစေ တကယ်ရှိသင့် တာ တကယ်လိုအပ်တာ မရှိသုးံလေး ကျနော်လဲ ဖြစ်နိုင်မယ်ဆိုရင်မရှိသု့းံလေးဘဲ ဖြစ်ချင်တယ် ချစ်တဲ့ ညီရေ မင်းအတွက်ကိုကြီးက မရှိသုံ့းလို့  အခုကစလို့ သတ်မှတ်လိုက်ပါ ကိုကြီး သုဒြေ္န
chocothazin said…
facebook မှာတင်ထားတဲ့ စာသားတွေ၊ သီချင်းတွေရယ်၊ ဒီ မရှိသုံး ဆိုတာလေးရယ် ပေါင်းလိုက်ရင်... တစ်ခုခု ဖြစ်နေသလိုပဲနော် အစ်ကိုဖိုးစိန်။
noblemoe said…
အင်းးးး လောကမှာ အရာရာတိုင်းဟာ သူ့ တန်ဖိုးနဲ့ သူရှိနေမှာပါ။ဘယ်သူတန်ဖိုးထားသည်ဖြစ်စေ မထားသည်ဖြစ်စေ ကိုယ့်ကိုကိုယ်တန်ဖိုးထားနေသရွေ့ တော့ တန်ဖိုးဆိုတာလျှော့မသွားဖူးလို့ မိုးယူဆတယ်လေ။
မိုးကတော့ လူတစ်ယောက်ကို ဖြည့်ဆည်းပေးလိုက်ရရင်ကျေနပ် ပျော်ရွှင်မိတယ် သူတို့ က တန်ဖိုးထားလားမထားလားဆိုတာထက် သူတို့ လိုအပ်တာလေး ရသွားလို့  ပိုပျော်တယ်လေ။ဒါကြောင့်ကိုယ်ကိုကိုယ်လည်းမရှိသုံးလို့ မယူဆဖူးပေါ့။သူတပါးကိုလည်းမဖြစ်စေချင်ဖူး။ဇိမ်ခံကားစီးနေပြီး အိမ်မှာ ခေါက်ဆွဲပြုလေးကိုနှစ်သက်ပြီးစားနေတဲ့သူလည်းရှိမယ် ကားမရှိပဲ စားသောက်ဆိုင်ကောင်းကောင်းမှာ စားနေတဲ့သူတွေလည်းရှိမယ်လေ ဘာမှတရားသေပြောလို့ မှမရတာ သိန်းဆုတွေပေါက်တဲ့သူကလည်း မိမိနှစ်သက်တဲ့ ခေါက်ဆွဲပြုတ်လေးကို မေ့သွားမယ်လို့  တရားသေပြေမရပြန်ဖူးနော် .....
အသုံးချခံလိုက်ရတာထက်စာရင် မိုးကတော့ မရှိသုံးဖြစ်ရတာလေးကိုပိုသဘောကျပါတယ်။
အရာရာကကိုယ့်ပေါ်မှာပဲမူတည်တာပဲလေ။ခေါက်ဆွဲပြုတ်မဟုတ်တဲ့ ရေဆိုရင်ကော တန်ဖိုးနည်းပေမဲ့ မရှိမဖြစ်ပဲလေနော် အားလုံးဟာကိုယ်ပေါ်မှာပဲမုတည်နေတယ်လို့ မိုးယူဆပါတယ်။ ကိုယ်က ခေါက်ဆွဲပြုတ်ပဲလို့ ကိုယ့်ကိုကိုယ်မယူဆပဲ အရာရာကိုစဉ်းစားလိုက်ပေါ့ ။ဒါဆိုလူတစ်ယောက်တွက် မရှိမဖြစ်သုံးလေးပေါ့။
သာယာချမ်းမြေ့ပါစေနော်
မိုး
Mogok Thar said…
ဖတ်ပါ ဖတ်ပါ ပြောနေတာ...
လက်စသတ်တော့ “စိန် ခေါက်ဆွဲခြောက်ထုပ်” ကြော်ငြာကိုး...။


;-P (စတာ)

“မရှိသုံး” တွေဟာလဲ.. ဘဝမှာ အရေးပါတဲ့ တန်ဖိုးတွေ ရှိနေတတ်ကြတာပဲလေ...

အရေးကြီးတာက ဈေးပေါသည်.. ဈေးကြီးသည်ထက်.. လိုအပ်နေတဲ့ ကွက်လပ်လေးတွေ ဖြည့်ပေးနိုင်ဖို့ပဲ မဟုတ်လား...။
(အတည်)

ချစ်တဲ့

ကိုမောင်ဟန်
Anonymous said…
ဒီမှာ ခေါက်ဆွဲထုပ် စား.. ငွေစုပြီး အိမ်ဝယ်သွားတဲ့သူ
ရှိတယ် နော် မယုံမရှိ နဲ့ .. ကိုယ် တွေတော့ ဟုတ်ဖူးရယ်.... တင်ပြပုံလေး ကောင်း၏

mie nge
အဲဒီမရှိသုံးလေးတွေက မရှိတဲ့အခါမှ သူတို့တန်ဖိုးကို သိစေတာ။ အဲဒီအချိန်မှာ သူတို့ရဲ့ တန်ဖိုးက ဇိမ်ခံပစ္စည်းတွေထက် ပိုကြီးပါတယ်။
Unknown said…
I like indo instant noodle.My favorite.

http://i00.i.aliimg.com/photo/v0/116916486/IFN0001_Indonesian_Indomie_Fried_Instant_Noodle.jpg

Popular Posts